မြန်မာနိုင်ငံသတ္တုလုပ်ငန်းရှင်များအသင်းချုပ်

Myanmar Federation of Mining Associations

အသင်းဝင်ဆိုင်ရာ သတ်မှတ်ချက်များ

မြန်မာနိုင်ငံသတ္တုလုပ်ငန်းရှင်များအသင်းချုပ်တွင် အသင်းဝင်ဖြစ်ရန် လိုအပ်သော အရည်အချင်းများနှင့် အသင်းဝင်အမျိုးအစားများ

အသင်းဝင်အမျိုးအစားနှင့် အရည်အချင်း

(က) ရိုးရိုးအသင်းသား

အသင်းဝင်အဖြစ်လျှောက်ထားပါက အောက်ပါအချက်များကို စိစစ်ပြီးမှသာခွင့်ပြုရမည်

  • ၁ အသက် (၁၈) နှစ်ပြည့်ပြီးသူ မြန်မာနိုင်ငံသားဖြစ်ရမည်။
  • ၂ စိတ်ပေါသွပ်ရူးနှမ်းသူ မဖြစ်စေရ။
  • ၃ သာသနာ့ဘောင်သို့ အပြီးဝင်ရောက်ထားသူမဖြစ်စေရ။
  • ၄ အကျင့်စာရိတ္တပျက်ပြားခြင်း အကျုံးဝင်သည့် ပြစ်မှုကျူးလွန်၍ ရုံးတော်က ပြစ်ဒဏ်ချမှတ်ခံထားရသူ မဖြစ်စေရ။
  • ၅ အသင်းသားအဖြစ် လျှောက်ထားသူသည် ဥပဒေအရလူမွဲ အဖြစ်လည်းကောင်း၊ အမည်ပျက်စာရင်းဝင်အဖြစ်လည်းကောင်း ကြေညာခံရသည့် အသင်းအဖွဲ့/ ကုမ္ပဏီ/ ပုဂ္ဂိုလ် မဖြစ်စေရ။
  • ၆ အကျင့်စာရိတ္တကို ထိခိုက်စေသည့် ရာဇဝတ်ပြစ်မှုကျူးလွန်သဖြင့် တရားရုံးကပြစ်ဒဏ်ချမှတ်စီရင်သည်ကိုခံနေဆဲသူမဖြစ်စေရ။
  • ၇ နိုင်ငံတော်ပုန်ကန်မှုဖြင့်တရားရုံးက ပြစ်ဒဏ်ချမှတ်စီရင်သည်ကိုခံနေဆဲသူမဖြစ်စေရ။
  • ၈ တည်ဆဲဥပဒေတစ်ရပ်ရပ်အရ ဖွဲ့စည်းတည်ထောင်၍ တရားဝင်မှတ်ပုံတင်ထားသည့် သတ္တုတွင်းဆိုင်ရာလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည့် တစ်ဦးတည်းပိုင် မြန်မာနိုင်ငံသား လုပ်ငန်းရှင်များ၊ ကုမ္ပဏီများ၊ ဖက်စပ်ကုမ္ပဏီများ၊ ကော်ပိုရေးရှင်းများ၊ အစုစပ်လုပ်ငန်းများ၊ သမဝါယမအသင်းများနှင့် သတ္တုနှင့်ပတ်သက်သော ပစ္စည်းများ အရောင်းအဝယ်လုပ်ကိုင်ခြင်း၊ ဝန်ဆောင်မှုပေးခြင်း စသည့်လုပ်ငန်းများ လုပ်ကိုင်သည့် ကုမ္ပဏီ၏အဖွဲ့ဝင်များမှ ရိုးရိုးအသင်းသားအဖြစ် ပါဝင်ခွင့်ရှိပါသည်။
  • ၉ ရိုးရိုးအသင်းသားသည် တသီးပုဂ္ဂလအနေဖြင့်ဝင်ရောက်ပါကခိုင်လုံသောသတ္တုတွင်းလုပ်ငန်းနှင့်ပတ်သက်သော လုပ်ငန်းရှင်ဖြစ်ကြောင်း၊ လုပ်ငန်းလိုင်စင်နှင့် လုပ်ငန်းရှင်ဖြစ်ကြောင်း အထောက်အထားတင်ပြနိုင်ရမည်။ (သို့မဟုတ်) သတ္တုတူးဖော်ရေးကုမ္ပဏီတစ်ခုခုအား ကိုယ်ပိုင်အဖြစ်ဦးဆောင်လုပ်ကိုင်ခဲ့ပြီးအတွေ့အကြုံ(၁ဝ)နှစ်ရှိသူဖြစ်ရမည့်အပြင် သတ္တုတူးဖော်ထုတ်လုပ်သည့် လုပ်ငန်းရှင်များက အသိအမှတ်ပြုသည့် ပုဂ္ဂိုလ်ဖြစ်ရမည်။
  • ၁ဝ သက်ဆိုင်ရာဒေသရှိ မြို့နယ်စည်ပင်သာယာနှင့်အစိုးရဌာနဆိုင်ရာ အသိအမှတ်ပြုသတ္တုလုပ်ငန်းနှင့်သက်ဆိုင်သော လုပ်ငန်းလိုင်စင်ရရှိထားသည့် ပုဂ္ဂလိကလုပ်ငန်းရှင်များ။
  • ၁၁ သတ္တုတွင်းလုပ်ငန်းဆိုင်ရာ အစိုးရအသိအမှတ်ပြု ကျွမ်းကျင်သူ၊ အသိပညာရှင်၊ အတတ်ပညာရှင်များ။
အသင်း၏မဲဆန္ဒခံယူပွဲများတွင် မဲပေးပိုင်ခွင့်ရှိသည်
အမှုဆောင်ရွေးချယ်ပွဲတွင် သတ်မှတ်ထားသော အရည်အချင်းနှင့်ကိုက်ညီပါက အမှုဆောင်အဖြစ်ဝင်ရောက်ရွေးချယ်ခံပိုင်ခွင့်ရှိသည်

(ခ) ရာသက်ပန်အသင်းသား

ရိုးရိုးအသင်းသားအဖြစ် သက်တမ်း(၁ဝ)နှစ်ပြည့်ပြီးသည့်အပြင် သတ်မှတ်ထားသည့်နှစ်စဉ်ကြေးများကို နောက်ထပ်(၁ဝ)နှစ်အတွက် ကြိုတင်အကြေအလည် ပေးဆောင်ပြီးသော အသင်းသားများကို အသင်း၏အမှုဆောင်အဖွဲ့မှ ရာသက်ပန်အသင်းဝင်အဖြစ် တရားဝင်လက်ခံအသိအမှတ်ပြုရမည်။

အသင်း၏မဲဆန္ဒခံယူပွဲများတွင် မဲပေးပိုင်ခွင့်ရှိသည်
အမှုဆောင်ရွေးချယ်ပွဲတွင် သတ်မှတ်ထားသောအရည်အချင်းနှင့်ကိုက်ညီပါက အမှုဆောင်အဖြစ် ဝင်ရောက်ရွေးချယ်ပိုင်ခွင့်ရှိသည်

(ဃ) တွဲဖက်အသင်းသား

မြန်မာနိုင်ငံတွင် တရားဝင်မှတ်ပုံတင်ထားသော နိုင်ငံခြားကုမ္ပဏီများနှင့် နိုင်ငံခြားကုမ္ပဏီရုံးခွဲများ၏ မြန်မာနိုင်ငံသားမဟုတ်သော နိုင်ငံခြားသားအမှုဆောင်များ၊ ကိုယ်စားလှယ်များ၊ ဒါရိုက်တာများ။

အသင်းကဖိတ်ကြားသော အစည်းအဝေးများ၊ အခမ်းအနားများတွင် တက်ရောက်ဆွေးနွေးအကြံပေးနိုင်ခွင့်ရှိသည်
အသင်း၏မဲဆန္ဒခံယူပွဲများတွင် မဲပေးပိုင်ခွင့်မရှိစေရ
အမှုဆောင်ရွေးချယ်ပွဲတွင် အမှုဆောင်အဖြစ် ဝင်ရောက်ရွေးချယ်ပိုင်ခွင့်မရှိစေရ

(ဂ) ညီနောင်အသင်းသား

သတ္တုတွင်းလုပ်ငန်းများ (ရုံးလုပ်ငန်း၊ စီးပွားရေးလုပ်ငန်း၊ ဒေသအလိုက်) ကိုအခြေခံ၍ တရားဝင်မှတ်ပုံတင်ဖွဲ့စည်းထားသော အသင်းဝင်အနည်းဆုံး (၇)ဦးပါရှိသည့်အသင်းများကို ညီနောင်အသင်းအဖြစ် စိစစ်လက်ခံရန်သည် အသင်းဗဟိုအလုပ်အမှုဆောင်အဖွဲ့၏တာဝန်ဖြစ်သည်။

၁ ညီနောင်အသင်းများမှ ကိုယ်စားလှယ်တစ်ဦး (ဥက္ကဋ္ဌ/အလုပ်အမှုဆောင်အဖွဲ့ဝင်)ကို အသင်း၏ရွေးချယ်တင်မြှောက်ရန်မလိုသော အလိုအလျောက် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်အဖြစ် လက်ခံရမည်။ သို့သော် ၄င်းအဖွဲ့ဝင်သည် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တစ်ဦးတွင်ရှိရမည့် သတ်မှတ်ထားသောအရည်အချင်း ပြည့်မီသူဖြစ်ရမည်။
၂ ညီနောင်အသင်း၏ အသင်းသားများသည် အသင်းချုပ်တွင် အသင်းမဝင်ရသေးပါက အမှုဆောင်ရွေးချယ်တင်မြှောက်ပွဲ၌ မဲဆန္ဒပေးပိုင်ခွင့်မရှိစေရ။ အသင်းချုပ်၏မဲဆန္ဒခံယူပွဲများတွင် မဲပေးပိုင်ခွင့်မရှိစေရ။ အမှုဆောင်ရွေးချယ်ပွဲတွင် အမှုဆောင်အဖြစ် ဝင်ရောက်ရွေးချယ်ပိုင်ခွင့်မရှိစေရ။
၃ ညီနောင်အသင်းများ၏ အသင်းသားများသည် အသင်းချုပ်၏ အသင်းသားအဖြစ် အလိုအလျောက် ပါဝင်ပြီးဖြစ်သည်။ အသင်းချုပ်၏ အသင်းဝင်အဖြစ် ထပ်မံလျှောက်ထားရန် မလိုပါ။ သို့သော် သက်ဆိုင်ရာညီနောင်အသင်း၏ အသင်းဝင်ဖြစ်ကြောင်း၊ အသင်းဝင်ရက်စွဲ၊ အသင်းသားအမှတ်၊ အသင်းသို့ပေးသွင်းရန် ငွေကြေး တစ်စုံတစ်ရာမရှိကြောင်း ထောက်ခံချက်များ တင်ပြပြီး အသင်းချုပ်သို့ (၁) နှစ်စာ သတ်မှတ်ရံပုံငွေပေးသွင်းပါက အသင်းချုပ်၏ အသင်းသားအဖြစ် အသိအမှတ်ပြုလက်မှတ် ထုတ်ပေးသွားရမည်။

(င) ဂုဏ်ထူးဆောင်အသင်းသား

သတ္တုတွင်းဆိုင်ရာ အသိပညာရှင်များ၊ အတတ်ပညာရှင်များ၊ ကျွမ်းကျင်သူပုဂ္ဂိုလ်များ၊ အသင်း၏ ဖွံ့ဖြိုးတိုးတက်အောင်မြင်ရေးအတွက် အထောက်အကူပြုနိုင်သော ပုဂ္ဂိုလ်များထဲမှ ဂုဏ်ထူးဆောင်အသင်းသားအဖြစ် အမှုဆောင်အဖွဲ့က ရွေးချယ်သတ်မှတ်သော ပုဂ္ဂိုလ်များ၊

အသင်း၏ မဲဆန္ဒခံယူပွဲများတွင်လည်း မဲပေးပိုင်ခွင့်ရှိသည်
အမှုဆောင်ရွေးချယ်ပွဲတွင် သတ်မှတ်ထားသော အရည်အချင်းနှင့်ကိုက်ညီပါက အမှုဆောင်အဖြစ် ဝင်ရောက်ရွေးချယ်ပိုင်ခွင့်ရှိသည်

အသင်းသားများ၏တာဝန်

အသင်းသားများ၏တာဝန်

အသင်းသားများ၏တာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည် -

  • က အသင်းတိုးတက်ဖွံ့ဖြိုးအောင်မြင်ရေးနှင့် ဂုဏ်သိက္ခာမြင့်မားစေရေးတို့ကို ရှေးရှု၍ လိုအပ်သလို ကူညီပံ့ပိုးပါဝင် ပူးပေါင်းဆောင်ရွက်ရမည်။
  • ခ အသင်း၏ ရည်မှန်းချက်နှင့် လုပ်ငန်းတာဝန်များကို ထမြောက်အောင်မြင်စေရန် ပူးပေါင်းပါဝင်ဆောင်ရွက်ရမည်။
  • ဂ အသင်းက သတ်မှတ်ထားသော အသင်းဝင်ကြေးနှင့် နှစ်စဉ်ကြေးတို့ကို မပျက်မကွက် ပေးသွင်းရမည်။
  • ဃ အသင်း၏ အသင်းသားစုံညီအစည်းအဝေး၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့နှင့် အမှုဆောင်အဖွဲ့ အစည်းအဝေးဆုံးဖြတ်ချက်များ၊ နိုင်ငံတော်နှင့် အသင်းက အခါအားလျော်စွာ ထုတ်ပြန်သော အမိန့်၊ ညွှန်ကြားချက် စသည်များကို လိုက်နာရမည်။
  • င အသင်း၏ အသင်းသားအချင်းချင်း စည်းလုံးညီညွတ်မှုကို အစဉ်ရှေးရှု ထိန်းသိမ်းဆောင်ရွက်ရမည်။ (အုပ်စုဖွဲ့ခြင်း၊ သင်းကွဲဂိုဏ်းကွဲ ထူထောင်ခြင်း မပြုရ)
  • စ အသင်းကပေးအပ်သော တာဝန်များကို အတတ်နိုင်ဆုံး ကျေပွန်စွာ ဆောင်ရွက်ရမည်။